FDA ထောက်ခံချက် အလွဲသုံးကြော်ငြာက အရေးယူမည်

ဓာတ်စာနှင့် ဖြည့်စွက်အစာများ တင်သွင်းခွင့်ရရန် ထုတ်ပေးသည့် ထောက်ခံချက်ကို အလွဲသုံးစား ဖော်ပြကြော်ငြာပါက အမျိုးသားအစားအသောက် ဥပဒေ ပုဒ်မဖြင့် အရေးယူမည်ဟု ဒေါက်တာမင်းဝန်ကပြောသည်။
'' FDA ကထုတ်ပေးတဲ့ သွင်းကုန်လိုင်စင်ထောက်ခံချက်နဲ့ ကျန်းမာရေးထောက်ခံချက်တွေကို FDA မှာမှတ်ပုံတင်ထား တယ်ဆိုပြီး ထင်ယောင်ထင်မှား ဖြစ်အောင် မကြော်ငြာပါနဲ့လို့ သတိပေးထားတာပါ '' ဟု မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA)ရန်ကုန်ရုံးခွဲတာဝန်ခံ ဒေါက်တာမင်းဝန်ကပြောသည်။
ဓာတ်စာနှင့်ဖြည့်စွက်အစာများသည် ကျန်းမာရေး အထောက်အကူပြု အစားအသောက်များသာ ဖြစ်သဖြင့် ဈေးကွက်အတွင်းရောင်းချရာ၌ ရောဂါအခြေအနေများကို ကုသပျောက်ကင်း သက်သာစေနိုင်သည်ဟု ကြော်ငြာရောင်းချခြင်းမျိုး မပြုလုပ်ရန်နှင့် လိုက်နာခြင်းမရှိပါက တည်ဆဲ ဥပဒေအရ အရေးယူမည်ဟု အစားအသောက်နှင့် ဆေးဝါးကွတ်ကဲ ရေးဦးစီးဌာနက သြဂုတ် ၁၀ ရက်ထုတ် နိုင်ငံပိုင် သတင်းစာများတွင် အသိပေးကြေညာထားသည်။
အမျိုးသား အစားအသောက်ဥပဒေအရ ခွင့်ပြုချက်မရှိဘဲ အစားအသောက်များတင်သွင်းခြင်း၊ ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း၊ ပြည်ပတင်ပို့ခြင်းမပြုလုပ်ရန် တားမြစ်ထားပြီး ဖောက်ဖျက်ပါက ထောင်ဒဏ်သုံးနှစ်နှင့် ငွေ ဒဏ် ကျပ်တစ်သိန်းမှ သုံးသိန်းအထိဒဏ်ရိုက်နိုင်သည် ဟုဖော်ပြထားသည်။
FDA ဌာနကောက်ခံချက်သည် ဓာတ်စာနှင့် ဖြည့်စွက်စာများကို ပြည်တွင်း၌ တရားဝင်ဖြန့်ဖြူးရောင်းချနိုင်ရန် သွင်းကုန်လိုင်စင်ထောက်ခံချက် ထုတ်ပေးခြင်း သက်သက်သာ ဖြစ်ကြောင်း ဒေါက်တာ မင်းဝန်ကပြောသည်။
ထို့ကြောင့်ယင်းဓာတ်စာ နှင့် ဖြည့်စွက်အစာများကို စားသုံးခြင်ဖြင့် ကျန်းမာရေးကောင်းကျိုးများရရှိနိုင်သည်ဟု FDA ဌာနက အာမခံ ထောက်ခံ ပေးထားခြင်းမျိုး မဟုတ်ကြောင်း ဒေါက်တာမင်းဝန်က ပြောသည်။
 
Credit - 7 Day နေ့စဉ်