နှစ်ပေါင်း၁၀၀ကျော် မုန်တိုင်းမဖြစ်ခဲ့သည့် ဇွန်လ မုန်တိုင်းငယ်ဖြစ်နိုင်ဟု မိုး/ဇလ ညွန်ချုပ် ခန့်မှန်း

နှစ်ပေါင်း ၁၀၀ကျော်အတွင်း မုန်တိုင်းမဖြစ်ပေါ်ခဲ့သည့် ဇွန်လအတွင်း ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်း ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် အဖြစ် ရောက်ရှိနိုင်ကြောင်း  မိုးလေ၀သနှင့်ဇလဗေဒ ညွန်ကြားမှုဦးစီးဌာန ညွန်ကြားရေးမှူးချူပ် ဒေါက်တာကျော်မိုးဦးက မေ ၃၁ရက်၌  ပြောဆိုသည်။ဇွန်လအတွင်း ဘင်္ဂလားပင်လယ်အော် လေဖိအားနည်းရပ်ဝန်းနှစ်ကြိမ်ဖြစ်နိုင်ပြီး  တစ်ကြိမ် အားကောင်း၍ မုန်တိုင်းငယ်အဖြစ်သို့ရောက်နိုင်ကြောင်း မိုးလေ၀သနှင့်ဇလဗေဒ ညွန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
 
အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံမြောက်ပိုင်းဒေသများသို့ ဇွန်၃ရက်မှ၈ရက်အတွင်းဝင်ရောက်နိုင်ကြောင်းလည်း ထုတ်ပြန်ချက်၌ ပါရှိသည်။ဇွန်လအတွင်းစစ်ကိုင်းတိုင်းအထက်ပိုင်း၊ပဲခူးတိုင်း၊ရန်ကုန်တိုင်း၊ဧရာဝတီတိုင်း၊ကချင်ပြည်နယ်။ရှမ်းပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ၂၀ရက်မှ ၂၆ရက်ခန့်၊စစ်ကိုင်းတိုင်းအောက်ပိုင်း၊မန္တလေးတိုင်း၊မကွေးတိုင်း၊တနင်္သာရီတိုင်းနှင့် ကယားပြည်နယ်တို့တွင် ၁၃ရက်မှ ၁၉ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း ထုတ်ပြန်ထားသည်။