မြန်မာနိုင်ငံမှ မြဂနိုင်ရုပ်ရှင်ဇာတ်ကား ပထမဆုံး ယူနက်စကို စာရင်းဝင်

မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၈၀ကျော်က ရိုက်ကူးခဲ့သော မြဂနိုင်ရုပ်ရှင်ဇာတ်ကား ပထမဆုံး ယူနက်စကို စာရင်းဝင် ဒေသအဆင့် အဖြစ် သတ်မှတ်ခဲ့ကြောင်း မြန်မာနိုင်ငံမှ ယူနက်စကို အမျိုးသားကော်မရှင် အတွင်းရေးမှူးချုပ်အဖြစ်တက်ရောက်ခဲ့သော ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ကြည်ရွှင်ကပြောကြားသည်။
 
"အာရှ-ပစိဖိတ်မှတ်တမ်းအမွေအနှစ်ဆိုင်ရာ ကော်မတီအစည်းအဝေးက ပေးခဲ့တာပါ။မနက်ဖြန်ကျ ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်မှာ ယူနက်စကို လက်မှတ်ပေးအပ်မယ့် အခမ်းအနားရှိတယ်။ရုပ်ရှင်လောက လူတစ်ချို့လည်းလာမယ်"ဟု ၎င်းကဆိုသည်။အာရှ-ပစိဖိတ် မှတ်တမ်းအမွေအနှစ်ဆိုင်ရာ ကော်မတီအစည်းအဝေးကို မေလကုန်က ကိုရီးယားနိုင်ငံ ဂွမ်ဂျူးမြို့၌  ပြုလုပ်ခဲ့ပြီး ၀င်ရောက်ယှဉ်ပြိုင်သည့် နိုင်ငံပေါင်း ၂၆နိုင်ငံအနက်မှ ယူနက်စကို စာရင်းဝင်ဒေသအဆင့် ရွေးချယ်ခံရခြင်းဖြစ်ကြောင်း  ၎င်းက ဆက်လက်ပြောဆိုသည်။
 
မြဂနိုင်ရုပ်ရှင်ဇာတ်ကားကို ၁၉၃၄ခုနှစ်တွင် နာမည်ကျော် အေ၀မ်းဖလင်က ထုတ်လုပ်၍ဒါရိုက်တာ မောင်တင်မောင်ရိုက်ကူးခဲ့ပြီး မင်းသားချစ်ရွှေနှင့် မင်းသမီး မြင့်မြင့်တို့က အဓိကသရုပ်ဆောင်ထားသည့် ၉၇မိနစ်စာ ဂန္တ၀င် မြောက်ရုပ်ရှင်ဇာတ်ကားဖြစ်သည်။ယူနက်စကို မှတ်တမ်းစာရင်းဝင်(ဒေသအဆင့်)ရခဲ့တာ နိုင်ငံအနေနဲ့ ပထမဆုံးရုပ်ရှင်ဇာတ်ကားပါ။လိုအပ်တဲ့ ကာကွယ်စောင့်ရှောက်မှုလုပ်ဖို့ အကူအညီတွေရမှာပေါ့၊လောလောဆယ်အသေးစိတ်တော့ ဘာမှမသိရသေးဘူး"ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အကြီးတန်းတာဝန်ရှိသူတစ်ဦးကဆိုသည်။
 
ထို့အပြင် မြဂနိုင်ဇာတ်ကားနှင့် ပတ်သက်၍ နိုင်ငံတကာ အကဲဖြတ်ပညာရှင်များကို ရှင်းလင်းတင်ပြရာတွင် ပြိုင်ဘက်နိုင်ငံများနှင့် ပြင်ဆင်မှုအပိုင်း ကွာခြားမှုရှိခဲ့ပြီး ယင်းနိုင်ငံများက မှတ်တမ်းပုံစံတူပိုစတာ ပိတ်ကားလိပ်များ၊စာအုပ်များ ပုံနှိပ်၍ ဝေငှခြင်း စသဖြင့် အသေးစိတ်ပြင်ဆင်ပြသသော်လည်း စာရွက်ပင်ဝေငှနိုင်ခြင်းမရှိသည့် မြဂနိုင် ရုပ်ရှင်ဇာတ်ကားမှာ အကဲဖြတ်ကော်မတီဝင် ပညာရှင်များ၏ မဲပေးရွေးချယ်မှုဖြင့် ယူနက်စကို မှတ်တမ်းစာရင်းဝင် (ဒေသအဆင့်)အဖြစ်ရရှိခဲ့ခြင်းဖြစ်ကြောင်း ဒေါက်တာ ကြည်ရွှင်က ၎င်း၏လူမှုကွန်ရက်စာမျက်နှာ၌ ရေးသားဖော်ပြထားသည်။အလားတူမြောက်ဦး ယဉ်ကျေးမှုအမွေအနှစ်၏ ရှေးဟောင်းကျောက်စာ အာနာန္ဒာကျောက်စာကိုလည်း ဒေသအဆင့် ယူနက်စကို မှတ်တမ်းအမွေအနှစ်အဖြစ် စာရင်းဝင်ခဲ့ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနထံမှသိရသည်။
 
Credit- The Voice