မြန်မာနိုင်ငံတစ်ဝန်း ယခုနှစ်၌ ငလျင်လှုပ်ခတ်မှု အကြိမ်ရေ ၁၀၀ ကျော်ရှိ

မြန်မာနိုင်ငံတစ်ဝန်း အင်အားအနည်းငယ် ရှိမြေငလျင်များခပ်စိပ်စိပ် လှုတ်ခတ်နေရာတွင် ယခုနှစ်၌ ငလျင်လှုပ်ခတ်မှုအကြိမ်ရေစုစုပေါင်း ၁၀၀ ကျော်ရှိကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မြေငလျင်ဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ယဉ်မျိုးမင်းထွေးကပြောကြားလေသည်။
ဇွန်လ ၂၈ ရက်နေ့ နံနက်ပိုင်းကရွှေတောင်မြို့အနီး ဗဟိုပြု၍ လှုပ်ခတ်ခဲ့သော ငလျင်သည် အခုနှစ်အတွက် ၁၀၁ ကြိမ်မြောက်လှုပ်ခတ်ခဲ့သည့်ငလျင်လည်းဖြစ်သည်။
ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်အတွင်းက မြန်မာနိုင်ငံတစ်ဝန်း၌ လှုပ်ခတ်ခဲ့သည့် ငလျင်အကြိမ်အရေအတွက်ပေါင်းမှာ ၄၀ သာရှိပြီး ၂၀၁၇ ခုနှစ်၌ အကြိမ်ရေ ၇၀ သာရှိခဲ့သော်လည်း ယခုနှစ် ဇန်န၀ါရီလမှ ဇွန်လ ၂၈ ရက်နေ့အထိ ၆လတာ အတွင်း၌ အကြိမ်ရေ ၁၀၀ ကျော် လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ယင်းသို့ ငလျင်လှုပ်ခတ်မှု အကြိမ်ရေများလာရခြင်းသည် အင်အားပြင်းငလျင်ကြီး မလှုပ်ခတ်မီတွင် ရှေ့ပြေးအနေနှင့်လည်း ငလျင်ငယ်များ လှုပ်ခတ်နိုင်ပြီး ယခုကဲ့သို့ အင်အားနည်းသည့် ငလျင်များ မကြာခဏ လှုပ်ခတ်ပေးခြင်းအားဖြင့်လည်း ငလျင်ကြီးဖြစ်ရန် အခွင့်အလမ်းနည်းသွားနိုင်သည်ဟု ယူဆနိုင်ကြောင်း၊ သို့သော် ငလျင်သည် ကြိုတင်ခန့်မှန်းနိုင်ခြင်းမရှိသည့်အတွက် ကြိုတင်သတိပြု နေထိုင်ရန်သာ လိုအပ်ကြောင်း သုံးသပ်ပြောဆိုသည်။
 
Credit - The Voice