ဧပြီ ဒုတိယ ၁၀ရက်ပတ်အတွင်း ဧရာဝတီနှင့် ချင်းတွင်းမြစ်ရေ မြင့်တက်မည်

ဧပြီလ ဒုတိယ ၁၀ရက်ပတ်အတွင်း ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ရေများ မြင့်တက်နိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ဧပြီ၈ရက်၌ ထုတ်ပြန်ခဲ့သည်။ဧရာဝတီမြစ်ရေသည် ဧပြီလဒုတိယ၁၀ရက်ပတ်အတွင်း မြစ်ကြီးနား၊ဗန်းမော်၊ရွှေကူ၊ကသာနှင့် သပိတ်ကျင်းမြို့တို့တွင်သုံးပေမှ လေးပေခန့်၊မန္တလေး၊စစ်ကိုင်း၊မြင်းမူ၊ပခုက္ကူ၊ညောင်ဦး၊ချောက်၊မင်းဘူးနှင့် မကွေးမြို့တို့တွင် တစ်ပေမှနှစ်ပေခန့် မြင့်တက်နိုင်ကြောင်း ထုတ်ပြန်ထားသည်။
 
သို့သော်ဧရာဝတီမြစ်ရေသည် အောင်လံ၊ပြည်၊ဆိပ်သာ၊ဟင်္သတနှင့် ဇလွန်မြို့တို့တွင် ပေ၀က်ခန့် ကျဆင်းနိုင်ကြောင်း သိရသည်။
 
ထို့အတူ ချင်းတွင်းမြစ်ရေသည် ဧပြီလ ဒုတိယ၁၀ရက်ပတ်အတွင်း ခန္တီး၊ဟုမ္မလင်းနှင့် ဖောင်းပြင်မြို့တို့တွင် နှစ်ပေမှသုံးပေခန့်၊မော်လိုက်၊ကလေးဝ၊မင်းကင်း၊ကနီနှင့် မုံရွာမြို့တို့တွင် ပေ၀က်မှ တစ်ပေခန့် မြင့်တက်နိုင်ကြောင်း မိုးလေ၀သနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။