Home
Who We Are
News
Program
Schedule
podcast
Contact Us
87.9 MHz -
Mandalay FM - Your Radio , Your Friend
Your browser does not support the audio element.
အခြေခံဆေးဝါးများ ဈေးထိန်း ရောင်းဖို့ နဲ့ ယာယီ အရောင်း မရပ်ထားကြဖို့ ဆေးကုန်သည်အသင်း တိုက်တွန်း
လတ်တလော နိုင်ငံခြားငွေလဲလှယ်နှုန်း မတည်ငြိမ်မှုတွေက ပြည်ပကနေ အဓိကတင်သွင်း ရောင်းချနေရတဲ့ ဆေးဝါးဈေးကွက်ကိုလည်း သက်ရောက်မှုတွေရှိနေပါတယ်။ အခုရက်ပိုင်းအတွင်း ဒေါ်လာဈေးမြင့် တက်မှုနဲ့ မတည်ငြိမ်မှုတွေကြောင့် အခြေခံဆေးဝါးတွေ ဈေးနှုန်းမြင့်တက်ခဲ့ပြီး လက်ကားဈေးကွက်မှာ အရောင်းမရပ်ခဲ့ပေမယ့် လက်လီဆေးဆိုင်တစ်ချို့ကတော့ အရောင်းရပ်ထားတဲ့အထိ ရှိခဲ့ပါတယ်။
မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်းကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်းကတော့ လက်ကားဆေး ကုမ္ပဏီတွေ အနေနဲ့ သင့်လျော်တဲ့ ဈေးနှုန်းတစ်ခုနဲ့သာရောင်းချဖို့နဲ့ ဈေးကွက်အတွင်း ဆေးဝါးပြတ်လပ်မှု မဖြစ်ပေါ်စေဖို့ အရောင်း ရပ်တာတွေ မလုပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကလည်း ပြည်တွင်း အမေရိကန်ဒေါ်လာပေါက်ဈေး မြင့်တက်မှုကြောင့် ဆေးတွေဈေးမတက်ဖို့ အခုလိုတိုက်တွန်း ခဲ့ရပါတယ်။
လက်ရှိ ဆေးနဲ့ဆေးပစ္စည်း (၈၀) ရာခိုင်နှုန်း ကျော်ဟာ ပြည်ပကနေ တင်သွင်းရောင်းချနေရတာဖြစ်ပြီး တစ်နှစ်ကို တန်ဖိုး အမေရိကန်ဒေါ်လာသန်း (၅၀၀) အထက် တင်သွင်းနေရတဲ့ဈေးကွက် တစ်ခုဖြစ်ပါတယ်။
ပြည်ပကနေ လက်ရှိဆေးတင်သွင်းနေတဲ့ ကုမ္ပဏီ (၂၁၀) ကျော်ရှိပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဆေးအမျိုးပေါင်း နှစ်သောင်းတစ်ထောင်ကျော်ကို ပြည်တွင်းကို တရားဝင်တင်သွင်းနေတယ်လို့သိရပါတယ်။
ငွေလဲလှယ်နှုန်း အပြောင်းအလဲကြောင့် ပြည်ပကနေ ဆေးတင်သွင်းနေတဲ့ ကုမ္ပဏီတွေအနေနဲ့ ဈေးကွက်အတွင်း ဆေးဝါးတွေကို (၅)ရာခိုင်နှုန်းကနေ (၁၀) ရာခိုင်နှုန်းကြား ဈေးနှုန်းတိုးမြှင့်ရောင်းချခဲ့ရပါတယ်။ လက်ရှိဆေးနှင့် ဆေးပစ္စည်းတွေ အပေါ် ကုန်သွယ်လုပ်ငန်းခွန် (၅) ရာခိုင်နှုန်း ကင်းလွတ်ခွင့်ကြောင့် ဒေါ်လာဈေး မြင့်တက်မှုနှုန်း ထက် လျော့တဲ့ ဈေးနှုန်းတစ်ခုကို ထိန်းပြီး ရောင်းချနိုင်တာဖြစ်တယ်လို့ ဆေးကုန်သည် အသင်း ဥက္ကဋ္ဌကပြောပါတယ်။