အနောက်တောင်မုတ်သုန်လေဟာ ယခုလကုန်မှာ မြန်မာနိုင်ငံအတွင်းမှ အပြီးသတ်ဆုတ်ခွာသွားနိုင်ဟု ဒေါက်တာထွန်းလွင်ပြော

အနောက်တောင်မုတ်သုန်လေဟာ ယခုလကုန်မှာ မြန်မာနိုင်ငံအတွင်းမှ အပြီးသတ်ဆုတ်ခွာသွားနိုင်တယ်လို့ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ပြောပါတယ်။ အနောက်တောင်မုတ်သုန်လေဟာ မြန်မာနိုင်ငံမြောက်ပိုင်းမှ ဆုတ်ခွာခဲ့ပြီး မြန်မာနိုင်ငံ အလယ်ပိုင်းမှာလည်း ဆုတ်ခွာနေပြီလို့သိရပါတယ်။ မုတ်သုန်က စက်တင်ဘာလဆန်းထဲက သိသိသာသာ အားလျော့နည်းလာခဲ့ပြီး ပြီးခဲ့တဲ့စက်တင်ဘာလ (၁၅)ရက်ကစပြီး မြန်မာနိုင်ငံမြောက်ပိုင်းကနေ စတင်ဆုတ်ခွာခဲ့တယ်လို့ သိရပါတယ်။ မြစ်ဝကျွန်းပေါ် ဒေသမှ မုတ်သုန်ဆုတ်ဖို့ကတော့ လက်ရှိဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းဖြစ်နေပြီး လေဖိအားနည်းရပ်ဝန်းက မုန်တိုင်းဖြစ်ဖို့ အလားအလာများနေတာကြောင့် မုန်တိုင်းဖြစ်လာရင် မုတ်သုန်ဆုတ်ကာ ရပ်တန့်သွားမယ်လို့သိရပါတယ်။ အဲ့ဒါကြောင့် မြစ်ဝကျွန်းပေါ်ကတော့ မုန်တိုင်းပြီးမှ မုတ်သုန်က ဆုတ်ခွာသွားနိုင်မယ်လို့သိရပါတယ်။
မုတ်သုန်ဆုတ်ချိန်မှာ မုန်တိုင်းအန္တရယ်သတိထားဖို့လိုပြီး မုတ်သုန်လေဦးရှိတဲ့နေရာမှာ မိုးတိမ်တောင်အမြဲရှိနိုင်တာကြောင့် မွန်းလွဲညနေပိုင်းမှာ မိုးသည်းထန်စွာရွာတာ၊ မိုးကြိုးပစ်တာ၊ လေပြင်းတိုက်တာတွေဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။ အလယ်ပိုင်းဒေသတွေမှာ မုတ်သုန်ဆုတ်သွားပြီဖြစ်လို့ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတောင်ပိုင်း၊ ကယားပြည်နယ် စတဲ့မိုးလိုတဲ့ဒေသတွေမှာ ဘင်္ဂလားပင်လ်ာအော်မှာဖြစ်တဲ့ မုန်တိုင်းတို့နဲ့ အရှေ့လေပွေလှိုင်းတို့ကြောင့်သာ မိုးရရှိနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။