အိန္ဒိယဈေးကွက် ပြန်ဖွင့်ပေးတဲ့နောက် မတ်ပဲနဲ့ ပဲစင်းငုံဈေးတက်လာ

အိန္ဒိယဈေးကွက် ပြန်ဖွင့်ပေးတဲ့နောက် မန္တလေးပဲဈေးကွက်မှာ မတ်ပဲနဲ့ ပဲစင်းငုံ သုံးတင်းဝင်တစ်အိတ်ကို ၁သောင်းကျပ်ဝန်းကျင် ဈေးတက်လာတယ်လို့ မန္တလေးကုန်စည်ဒိုင်က သိရပါတယ်။အိန္ဒိယဈေးကွက်က မေလ ၄ရက်နေ့က မတ်ပဲ တန်ချိန် ၁သိန်းခွဲ နဲ့ မေလ ၁၁ ရက်နေ့မှာ ပဲစင်းငုံ တန်ချိန် ၂သိန်း ပြန်လည် ၀ယ်ယူဖို့ ကြေညာခဲ့တယ်လို့သိရပါတယ်။ မတ်ပဲ နဲ့ ပဲစင်းငုံကို အိန္ဒိယဈေးကွက်ကပြန်လည် ၀ယ်ယူမယ်လို့ ကြေညာတဲ့ ရက်ပိုင်းအတွင်းမှာပဲ မတ်ပဲနဲ့ ပဲစင်း ငုံ သုံးတင်းဝင်တစ်အိတ်ကို သောင်းဂဏန်းထိ ဈေးမြင့်တက်လာပါတယ်။ အိန္ဒိယဈေးကွက် မဖွင့်ခင်က ပဲစင်းငုံ ၃တင်းဝင်တစ်အိတ်ကို ၃၄၀၀၀ ကျပ်ဝန်းကျင် ဖြစ်ပြီး အခုမေလ(၁၃) ရက်မှာ ၄၄၀၀၀ ကျပ် ဈေးပေါက်နေပါတယ်။
 
မတ်ပဲဈေးက အရင် အိန္ဒိယ က ၀ယ်ယူမယ်လို့ မကြေညာမီ သုံးတင်းဝင် ၁အိတ် ကို ၃၇၀၀၀ ကျပ်ကျော် ဖြစ်ပြီး အခု မေလ (၁၃)ရက်မှာ ၄၇၀၀၀ ကျပ်ထိ အရောင်းအ၀ယ်ဖြစ်တယ်လို့သိရပါတယ်။ ဒါကြောင့် မတ်ပဲ ပဲ စင်းငုံဈေးက အိန္ဒိယပဲဈေးကွက် ပြန်လည် မဖွင့်ခင်ဈေးထက် ၁သောင်းကျပ်ဝန်းကျင် တက်လာတာဖြစ်ပြီး ယခုထက် ပဲဈေးတက်လာနိုင်သေးတယ်လို့ မန္တလေးကုန်စည်ဒိုင်က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ အိန္ဒိယနိုင်ငံ အနေနဲ့ ပဲစင်းငုံ၊ မတ်ပဲ၊ ပဲတီစိမ်း တင်သွင်းခွင့်ကို ၂၀၁၇ သြဂုတ်လ ကစပြီး ပိတ်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်  မြန်မာနိုင်ငံက အိန္ဒိယနိုင်ငံကို မတ်ပဲ၊ ပဲတီစိမ်းနဲ့ ပဲစင်းငုံ တင်သွင်းခွင့် Quota (ကိုတာ) ရရှိဖို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနက ဆွေးနွေးမှုတွေ  ပြုလုပ်ခဲ့တဲ့နောက်ပိုင်း အိန္ဒိယ နိုင်ငံကို  ပြန်လည်တင်သွင်းခွင့် ရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။