အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှာ စစ်ဆေးနေတဲ့ ဒေါ်လာဝယ်ရောင်းတွေထဲက လေးဦးကို အမှုဖွင့်အရေးယူ

ဒေါ်လာဈေးကစားတာတွေနဲ့ပက်သက်ပြီး ၀ယ်ရောင်းတစ်ချို့ကို အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စသုံးလုံး)က ခေါ်ယူစစ်ဆေးပြီးနောက် လေးဦးကို စတင် အမှုဖွင့်အရေးယူပြီလို့ သိရပါတယ်။

ကျောက်တံတား၊ ပန်းပဲတန်း နဲ့ ပုဇွန်တောင် ရဲစခန်းတွေမှာ စက်တင်ဘာ (၂၉) ရက်နေ့က အမှုဖွင့်ခဲ့တာ ဖြစ်ပြီး တစ်ဦးကတော့ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ ဖမ်းဝရမ်းထုတ်ထားတယ်လို့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက တာဝန်ရှိသူက ပြောပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံရုံးတာဝန်ရှိသူက ဒေါ်လာနဲ့ ပက်သက်ပြီး ဈေးကစားသူတွေကို အရေးယူမယ်လို့ စက်တင်ဘာ (၂၁)ရက်နေ့မှာ ပြောဆိုခဲ့ပြီး နောက်ရက်မှာ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနအနေနဲ့ ရွှေဘုံသာလမ်းက ဒေါ်လာဝယ်ရောင်းတစ်ချို့ကို စတင်ခေါ်ယူစစ်ဆေးခဲ့တာဖြစ်ပါတယ်။

ခေါ်ယူစစ်ဆေးနေတဲ့ ဒေါ်လာဝယ်ရောင်း (၁၀)ဦး ၀န်းကျင်ရှိတယ်လို့ သိရပြီး နောက်ထပ်လည်း စစ်ဆေးတာတွေ ဆက်လက်ပြုလုပ်သွားမယ်လို့ အထူးစုံစမ်းစစ်ဆေးရေးဌာနက ညွှန်ကြားရေးဦးစီးဌာနက ညွန်ကြားရေးမှူး ဦးအောင်မျိုးက ပြောပါတယ်။

စက်တင်ဘာ (၂၀) ရက်က ပြည်တွင်းဒေါ်လာဈေးဟာ တစ်ဒေါ်လာ (၁၆၅၀) ကျပ်ဝန်းကျင် အထိ စံချိန်တင်မြင့်တက်ခဲ့ပေမယ့် စသုံးလုံးကခေါ်ယူ စစ်ဆေးပြီးနောက် ပြည်တွင်းဒေါ်လာ ဈေးတွေဟာ (၁၆၀၀) အောက်ကိုဆက်တိုက်ကျဆင်းလာခဲ့ပါတယ်။

ပြည်ပဈေးကွက်မှာတော့ စက်တင်ဘာ (၂၅)ရက် ကစပြီး ဒေါ်လာဈေး ပိတ်ထားကာ ဗဟိုဘဏ်ရဲ့ သတ်မှတ်ချက်ဈေးကို ကြည့်ပြီး အရောင်းအ၀ယ်လုပ်နေကြတယ်လို့ သိရပါတယ်။

အခုလေးဦးကိုတော့ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေကို မလိုက်နာလို့ အမှုဖွင့်အရေးယူခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒီဥပဒေအရလိုင်စင် မရှိဘဲ နိုင်ငံခြားငွေလုပ်ငန်း လုပ်ကိုင်ခွင့်မရှိဘဲ ပြစ်မှုထင်ရှားရင် အမြင့်ဆုံးထောင်ဒဏ်သုံးနှစ် နဲ့ ငွေဒဏ်ပါချမှတ်နိုင်တာဖြစ်ပါတယ်။