ရန်ကုန်အပါအ၀င် ဒေသအချို့မိုးသည်းထန်နိုင်

အနောက်တောင် မုတ်သုံလေသည် ယခုလကုန်အထိ အားကောင်းနိုင်ဖွယ်ရှိသည့်အတွက် ရန်ကုန်တိုင်းဒေသကြီးအပါအ၀င် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့၌ မိုးသည်းထန်နိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြးရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။
ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးသည်းထန်နိုင်ပြီး ယင်းဒေသများတွင် ဇွန်လ ၂၆ ရက်နေ့မှ ၃၀ ရက်နေ့အထိ စုစုပေါင်းမိုးရေချိန် ၆ လက်မမှ ၁၀ လက်မအတွင်း ရရှိနိုင်ကြောင်း ခန့်မှန်းပြောဆိုသည်။
''လာမယ့်သီတင်းပတ်အထိတော့ မုန်တိုင်းဖြစ်ဖို့အခြေအနေ မတွေ့ရသေးဘူး'' ဟု ဦးကျော်လွင်ဦးက ဆိုသည်။
 
ထို့ပြင် မုတ်သုံလေအားကောင်းနေသည့်အတွက် ကမ်းရိုးတန်းဒေသများတွင်မိုးရွာသွန်းမှု အားကောင်းနိုင်ကြောင်း ဆက်လက်ပြောကြားသည်။ထို့ပြင် ဇွန်လ ၂၆ ရက်နေ့၌ ရခိုင်ပြည်နယ်တွင် ဒေသအလိုက်၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။
 
Credit- The Voice