မုန်တိုင်းအကြွင်းအကျန် တိမ်တိုက်များကြောင့် ရှမ်းပြည်နယ်နှင့် ဒေသအချို့မိုးကြီးနိုင်

တောင်တရုတ်ပင်လယ်ပြင်တွင်ဖြစ်ပေါ်နေသည့် မုန်တိုင်း၏ အကြွင်းအကျန်တိမ်တိုက်များသည် ရှမ်းပြည်နယ်နှင့် ဒေသအချို့ကို ဖြတ်သန်းနိုင်ရာ လာမည့် သြဂုတ်လ ၁၈ ရက်နေ့ဝန်းကျင်၌ နေရာကွက်၍  မိုးသည်းထန်နိုင်ခြင်းနှင့် မိုးကြီးခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနထံမှသိရသည်။
ယင်းမုန်တိုင်းသည် ဗီယက်နမ်မြောက်ပိုင်းကို မုန်တိုင်းငယ်အဖြစ်နှင့် ဖြတ်ကျော်မည်ဖြစ်ပါတယ်။အရှေ့ဘက်မှ မုန်တိုင်းအကြွင်းအကျန်တိမ်တိုက်များ၊ လေပွေလှိုင်းများလာပါက ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် နေရာကွက်၍ မိုးကြီးလေ့ရှိကြောင်း ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။
''စောင့်ကြည့်ဒေသထဲရောက်လာရင်ထူးခြားမိုးလေ၀သအခြေအနေ ထုတ်ပြန်ပေးသွားမှာပါ။ ဒီနှစ်ထဲ တောင်တရုတ်ပင်လယ်ပြင်ဘက်မှာ ထူးခြားတဲမုန်တိုင်း လမ်းကြောင်းနှစ်ခုတွေ့ရတယ'' ဟုပြောသည်။
ထို့ပြင်ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မုတ်သုံလေ အားကောင်းနေရာ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး ၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍မိုးကြီးနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကခန့်မှန်းထားသည်။
ယင်းသို့ ဒေသအလိုက် နေရာကွက်၍ မိုးကြီးနိုင်သည့် အပြင် သံလွင်မြစ်၊ စစ်တောင်းမြစ်တို့တွင် စိုးရိမ်ရေအမှတ်ထက် ကျော်လွန်သည့် အတွက် ရေကြီးရေလျှံမှုများဖြစ်ပေါ်လာနိုင်ရာ ကြိုတင်သတိပြုရန်လိုအပ်ကြောင်း သတိပေးထားသည်။
 
Credit - The Voice