ထိပ်သီးစည်းဝေးပွဲ မတိုင်မီ ဒုံးကျည်စမ်းသပ်မှု ရပ်ထားမည်ဆိုသည့် မြောက်ကိုရီးယား ကတိတည်မည်ဟု သမ္မတထရမ့် ယုံကြည်ဟုဆို

မေလတွင် ကျင်းပမည့်  အမေရိကန် မြောက်ကိုရီးယား ထိပ်သီးစည်းဝေးပွဲ မတိုင်မီ ဒုံးကျည်စမ်းသပ်မှုများ ရပ်ဆိုင်းထားမည် ဟူသည့်ကတိကို မြောက်ကိုရီးယားက လေးစားလိုက်နာမည်ဟု ယုံကြည်ကြောင်း သမ္မတထရမ့်က ပြောဆိုခဲ့သည်။
 
မတ်၁၀ရက်ညက ပင်ဆယ်ဗေးနီးယား အနောက်ပိုင်းတွင် ကျင်းပသည့် ရီပတ်ဘလီကန်တို့၏ လူထုစည်းဝေးပွဲ၌  မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျူံအွန် အမည်ကိုပြောဆို၍ ပရိသတ်ကလှောင်ပြောင်စဉ် ထရမ့်က အပြုသဘောမြင်ကြရန် ၊မည်သို့ဖြစ်လာမည်ကို စောင့်ကြည့်ကြရန်တိုက်တွန်းခဲ့သည်။
 
မြောက်ကိုရီးယားသည် ပြီးခဲ့သည့် နိုဝင်ဘာ ၂၈ရက်မှစကာ ဒုံးကျည်စမ်းသပ်မှု မပြုခဲ့ကြောင်း၊မေလထိပ်သီး စည်းဝေးပွဲမတိုင်မီ ထိလည်း ဒုံးကျည်စမ်းမည် မဟုတ်ဟု ပေးထားသည့် ကတိကို လိုက်နာမည်ဟု ယုံကြည်ကြောင်းလည်း ထရမ့်က တွစ်တာ၌ ရေးသားခဲ့သည်။
 
ကင်ဂျူံအွန်၏ တွေ့ဆုံကမ်းလှမ်းချက်ကို တောင်ကိုရီးယား ကိုယ်စားလှယ်များထံမှ သိလျင်သိခြင်း လက်ခံခဲ့သည့် ထရမ့်ဆုံးဖြတ်ချက်ကြောင့်  ပြည်တွင်းပြည်ပတွင် ဂယက်ရိုက်ခဲ့သည်။ယင်းသို့ဆုံးဖြတ်ပြီးနောက် ထရမ့်သည် တရုတ်သမ္မတ၊ဂျပန်ဝန်ကြီးချုပ် တို့နှင့် ဖုန်းဆက်ဆွေးနွေးခဲ့သည်။ ဆိုးရွားသည့် နည်းလမ်းထက် ပိုမိုကောင်းမွန်သည်ဟု တရုတ်က ချီးကျူးခဲ့ပြီး ဂျပန်ကလည်း စိတ်ဝင်စားဖွယ် တွေ့ဆုံမှု ဖြစ်မည်ဟု မှတ်ချက်ပြူခဲ့သည်။
 
ထရမ့်၏ ဆုံးဖြတ်ချက်မှာ သမိုင်းဝင် အခြေအနေ တစ်ရပ်ဖြစ်လာနိုင်၍ အထူးသတိပြု ချဉ်းသပ်ရန် သတိပေးမှုများလည်း အများအပြားရှိနေသည်။