ထရမ့်နှင့် ကင်ဂျုံအွန် စင်ကာပူ၌ ဇွန်၁၂ရက် တွေ့ဆုံမည်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်တို့ စင်ကာပူ၌ဇွန်၁၂ရက်တွင် တွေ့ဆုံဆွေးနွေးကြမည် ဖြစ်ကြောင်း သမ္မတထရမ့်ကိုယ်တိုင် ထုတ်ပြန်ချက်အရ သိရသည်။
 
ယခုနှစ်ဧပြီလ၌ သမ္မတထရမ့်သည် ကင်ဂျုံအွန်က မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းမှုကို လက်ခံခဲ့သဖြင့် နိုင်ငံတကာအသိုင်းအ၀ိုင်းကပါ အံ့အားသင့်ခံရသည်။၎င်းတို့နှစ်ဦးသည် ယခင်က အပြန်အလှန် သိက္ခာချ၊ခြိမ်းခြောက်နေကြသူနှစ်ဦးဖြစ်သည်။ မြောက်ကိုရီးယားနှင့်တောင်ကိုရီးယားတို့ ထိပ်သီးဆွေးနွေးပွဲ အောင်မြင်မှုကြောင့် အမေရိကန်နှင့် မြောက်ကိုရီးယားဆွေးနွေးရေးပါ အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။
 
 
မြောက်ကိုရီးယားတွင် ထိန်းသိမ်းခံထားသော အမေရိကန်နိုင်ငံသားသုံးဦးကို မြောက်ကိုရီးယားက ပြန်လွှတ်ပေးခဲ့ပြီးနောက် အချိန်တိုအတွင်းမှာပင် သမ္မတထရမ့်က ကင်ဂျုံအွန်နှင့်တွေ့ဆုံမည့်နေရာနှင့် ရက်စွဲကို အတည်ပြုထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ ထရမ့်နှင့် ကင်ဂျုံအွန် တွေ့ဆုံဆွေးနွေးမှု အသေးစိတ်စီစဉ်ရန်အတွက် အမေရိကန်နိုင်ငံခြားဝန်ကြီး မိုက်ပွမ်ပီယိုသည် ပြုံယမ်းသို့ရောက်ရှိနေစဉ်အတွင်း အမေရိကန်နိုင်ငံသား သုံးဦးကို ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။