ဇူလိုင်နှင့်သြဂုတ်လတို့၌မြစ်များအားလုံးစိုးရိမ်ရေမှတ်ကျော်လွန်နိုင်ဟု မိုး/ဇလထုတ်ပြန်

ဇူလိုင်နှင့် သြဂုတ်လများတွင် မြစ်များအားလုံး စိုးရိမ်ရေမှတ်အသီးသီးအထက်သို့ ကျော်လွန်ရောက်ရှိနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။
မိုးလယ်ကာလဖြစ်သော ဇူလိုင်နှင့် သြဂုတ်လများတွင် ချင်းတွင်းမြစ်ရေသည် ခန္တီး၊ဖောင်းပြင်၊ကနီနှင့် မုံရွာမြို့တို့ တစ်ကြိမ်စီ၊ဟုမ္မလင်း၊မော်လိုက်၊ကလေးဝနှင့်မင်းကင်းမြို့တို့၌ နှစ်ကြိမ်စီမြင့်တက်မည်ဖြစ်ပြီး ဧရာဝတီမြစ်ရေသည် ဗန်းမော်၊ရွှေကူ၊ကသာ၊သပိတ်ကျင်း၊မန္တလေး၊စစ်ကိုင်း၊မြင်းမူ၊ပခုက္ကူ၊မင်းဘူး၊မကွေး၊အောင်လံ၊ပြည်နှင့် ဆိပ်သာမြို့တို့၌တစ်ကြိမ်ခန့်စီ၊ညောင်ဦး၊ဟင်္သာတနှင့်ဇလွန်မြို့တို့၌ နှစ်ကြိမ်ခန့်စီ စိုးရိမ်ရေမှတ်အသီးသီး ၏အထက်သို့ ကျော်လွန်ရောက်ရှိနိုင်ကြောင်း ထုတ်ပြန်ချက်၌ပါရှိပါသည်။
မြစ်သာမြစ်ရေသည် ပြင်သာမြို့၌ တစ်ကြိမ်ခန့်၊ဒုဋ္ဌ၀တီမြစ်ရေသည် မြစ်ငယ်မြို့၌ တစ်ကြိမ်ခန့်၊စစ်တောင်းမြစ်ရေသည် တောင်ငူနှင့် မဒေါက်မြို့၌ တစ်ကြိမ်ခန့်စီ၊ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့၌တစ်ကြိမ်ခန့်၊ပဲခူးမြစ်ရေသည် ပဲခူးမြို့၌တစ်ကြိမ်ခန့်၊သံလွင်မြစ်ရေသည် ဘားအံမြို့၌နှစ်ကြိမ်ခန့်၊င၀န်မြစ်ရေသည် ငါးသိုင်းချောင်းနှင့်သာပေါင်းမြို့တို့၌နှစ်ကြိမ်ခန့်စီနှင့် ပုသိမ်မြို့၌တစ်ကြိမ်ခန့်၊တိုးမြစ်ရေသည် မအူပင်မြို့၌တစ်ကြိမ်ခန့်၊ကုလားတန်မြစ်ရေသည် ကျောက်တော်မြို့၌တစ်ကြိမ်ခန့်နှင့်လေးမြို့မြစ်ရေသည် မြောက်ဦးမြို့၌တစ်ကြိမ်ခန့် စိုးရိမ်ရေမှတ်အသီးသီး၏အထက်သို့ ကျော်လွန်ရောက်ရှိနှုင်ကြောင်းသိရသည်။
"ဇူလိုင်နဲ့ သြဂုတ်လတွေမှက မိုးများမယ်။ဒါကြောင့် မြစ်ရေတွေ စိုးရိမ်ရေမှတ်ရောက်မှာဖြစ်ပါတယ်။မြစ်ကမ်းနံဘေးမှာ နေထိုင်တဲ့သူတွေ မြစ်ရေတက်လာရင်ပြောင်းရွှေ့နေထိုင်ရေးအတွက် သတင်းတွေကို အချိန်နဲ့တစ်ပြေးညီထုတ်ပြန်သွားမှာပါ"ဟု မိုးလေ၀သနှင့်ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ဇူလိုင် ၁ရက်၌ပြောဆိုခဲ့သည်။
Credit-Myanmar Times