ကနောင်မင်းသားကြီး တည်ခဲ့သည့် သံရည်ကျိုစက်ရုံကို ပြုပြင်ထိန်းသိမ်း

စစ်ကိုင်းတိုင်း ဒေသကြီး၌ ကနောင်မင်းသားကြီး တည်ထောင်ခဲ့သည့် သံရည်ကျိုစက်ရုံကို ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်နေပြီ ဖြစ်ကြောင်း စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။
 
ပြည်တွင်းပြည်ပ ခရီးသွားများ လေ့လာနိုင်မည့် နေရာအဖြစ် ဖော်ထုတ်နိုင်ရန် စစ်ကိုင်းတိုင်း အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း ၅၄၀ အကုန်အကျခံကာ ယခုလဆန်းပိုင်းက စတင်ပြင်ဆင်နိုင်ခြင်းဖြစ်ကြောင်း စစ်ကိုင်းတိုင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဌ ဦးဝင်းနိုင်က ပြောကြားသည်။
 
ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းရာတွင် မန္တလေး နန်းမြို့ရိုးပုံစံ အုတ်တံတိုင်း ကာရံခြင်း၊ သန့်စင်ခန်းများ တည်ဆောက်ခြင်း ၊ရေလိုင်းမီးလိုင်းများ တပ်ဆင်ခြင်း ၊သမိုင်းအထောက်အထားများ ပါဝင်သည့် ဆိုင်းဘုတ်စိုက်ထူခြင်း လုပ်ငန်းများ ပါဝင်မည်ဖြစ်၍ မေလခန့်တွင် လုပ်ငန်းများ ပြီးစီးမည်ဟု ခန့်မှန်းထားကြောင်း  ၎င်းက ရှင်းပြသည်။
 
ကနောင်မင်းသားကြီး တည်ထောင်ခဲ့သည့် သံရည်ကျိုစက်ရုံသည် စစ်ကိုင်းမြို့သာစည်ရပ်ကွက်အတွင်းရှိကာ ၁၈၅၈ခုနှစ်တွင် အုတ်မြစ်ချခဲ့ပြီး အင်္ဂလန်နိုင်ငံမှ စက်ပစ္စည်းများ မှာယူတည်ဆောက်နေစဉ် ၁၈၆၆ ခုနှစ်တွင် ကနောင်မင်းသား လုပ်ကြံခံရသည့်အတွက် ဆက်လက် မတည်ဆောက်နိုင်တော့ ခြင်းဖြစ်ကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။