ကင်ဂျုံအွန်စေလွှတ်သည့် မြောက်ကိုရီးယား ဗိုလ်ချုပ်ကြီးနှင့်အဖွဲ့ အမေရိကန်သို့ ယနေ့ရောက်ပြီး ထိပ်သီးတွေ့ဆုံပွဲ ကိစ္စညှိုနှိုင်းမည်

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်စေလွှတ်သည့် ဗိုလ်ချုပ်ကြီးတစ်ဦးခေါင်းဆောင်သည့်  အဖွဲ့သည် အမေရိကန်ပြည်ထောင်စုသို့ မေ၃၀ရက် (ယနေ့)ရောက်ရှိပြီး ဖြစ်နိုင်ခြေရှိသည့် ထိပ်သီးဆွေးနွေးပွဲ အကြိုပြင်ဆင်မှုများ ညှိုနှိုင်းမည်ဖြစ်ကြောင်း တောင်ကိုရီးယား ယွန်ဟတ်သတင်းကထုတ်ပြန်ခဲ့သည်။
 
အလုပ်သမားပါတီ ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ကင်ယွန်ချိုလ်သည် ဥက္ကဋ္ဌ ကင်ဂျုံအွန်၏ စေလွှတ်မှုအရ ပေကျင်း၌ တရုတ်အရာရှိများနှင့်တွေ့ဆုံပြီး ယင်းမှတစ်ဆင့် နယူးယောက်သို့ ရောက်ရှိမည်ဟု  သတင်းတွင် ဖော်ပြခဲ့သည်။သမ္မတထရမ့်နှင့် ကင်ဂျုံအွန်ဇွန်၁၂ရက်၌  တွေ့ဆုံရန် အစီအစဉ်ကို လွန်ခဲ့သည့် အပတ်က သမ္မတထရမ့်ဘက်မှ ပယ်ဖျက်လိုက်ပြီးနောက် ပေါ်ပေါက်လာသည့် တွေ့ဆုံပွဲ ပြန်လည်ဖြစ်မြောက်ရေး သံတမန်ရေး လှုပ်ရှားမှုအနက် နောက်ဆုံးခြေလှမ်းတစ်ခုဖြစ်သည်။
 
 
ထောက်လှမ်းရေး အကြီးအကဲဟောင်းလည်း ဖြစ်သည့် ဗိုလ်ချူပ်ကြီး ကင်ယွန်ချိုလ်သည် ၂၀၀၀ပြည့်နှစ်နောက်ပိုင်း အမေရိကန်သို့ ရောက်ရှိသည့် ရာထူးအကြီးဆုံး မြောက်ကိုရီးယားအရာရှိဖြစ်လာမည်ဖြစ်သည်။ ကင်ယွန်ချိုလ်သည် ကင်ဂျုံအွန်၏ နံဘေးတွင် ပုံမှန်လိုမြင်တွေ့ရသည့် ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး တရုတ်၊တောင်ကိုရီးယားခေါင်းဆောင်များနှင့်လည်းကောင်း ၊အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယို နှင့်လည်းကောင်း  ကင်ဂျူံအွန်တွေ့ဆုံရာတွင် ပါဝင်ခဲ့သူဖြစ်သည်။
Credit -Myanmar Times Daily